အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Friday, September 10, 2010

မြန်မာ့ MRTV- 4 ရုပ်သံလိုင်း ၂၄ နာရီ ထုတ်လွှင့်ပြသ

စစ်အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲထုတ်လွှင့် နေသော MRTV 4 ရုပ်သံလိုင်းကို ၂၄ နာရီ ကြည့်ရှုနိုင်ရန် အချိန် တိုးမြှင့်လိုက်ရာ လက်ရှိ ရုပ်သံ လိုင်းများအနက် ထုတ်လွှင့်ချိန် အများဆုံး ရုပ်သံလိုင်းတခု ဖြစ်လာကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် Forever Group တို့ ပူးပေါင်းထုတ်လွှင့်နေသည့် MRTV 4 ရုပ်သံ လိုင်းသည် အစီအစဉ်သစ်များတိုးချဲ့ ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်လိုက်ခြင်းဖြစ် သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“အခုနောက်ပိုင်းမှာ အာဏာပိုင်တွေက မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ ပုံစံတွေရှိလာတာ ကိုတွေ့ရတယ်။ FM လိုင်း တွေ အများကြီးချပေးလာတယ်။ ပိတောက်မြေတို့ နေပြည်တော် FM လိုင်းတို့ဆို အစိုးရနဲ့ပတ်သက်တဲ့ သီချင်းလွှင့်တာ တွေ၊ ဇာတ်လမ်းမျိုးလေးတွေ လုပ်ပြီး လွှင့်လာတာတွေရှိတယ်။ အခုလည်း ဒီလို ပုံစံမျိုးပါပဲ”ဟု ပြန်ကြားရေးဝန်ကြီး ဌာန အရာရှိက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “MRTV 4 က ဖျော်ဖြေရေး အစီအစဉ်တွေ တော်တော်ပြတဲ့ လိုင်းဖြစ်သလို ကဏ္ဍအသစ်အဆန်းလေး တွေပါတော့ လူတော်တော်ကြည့်တယ်။ ဒါနဲ့ ရောပြီး ပြည်သူအများဆုံးကြည့်တဲ့ လိုင်းကနေ အာဏာပိုင်တွေက သူတို့ လွှင့် ချင်တဲ့ ပေါ်လစီ ကားတွေ ကြားဖြတ်ပြသွားမှာပေါ့”ဟု ပြောသည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သည် မြန်မာ့အသံ၊ မြ၀တီ ရုပ်မြင်သံကြား တို့တွင်ထုတ်လွှင့်ပြသနေသည့် အစီအစဉ်များ ဖြစ် သော ပြည်တွင်းသတင်း၊ နိုင်ငံအကျိုးပြု ပေါ်လစီ ကားကိုလည်း ထည့်သွင်းထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ က ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို တရားဝင် ကြေညာသည့် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှ စ၍ စစ်အစိုးရပိုင် ရုပ်မြင် သံကြားလိုင်းများနှင့် ရေဒီယိုလိုင်းများ၌ ရွေးကောက်ပွဲ ဆန္ဒမဲပေးရေး စည်းရုံးလှုံ့ဆော်သည့် သီချင်းနှင့် ဇာတ်လမ်းများ ထုတ် လွှင့် ပြသခဲ့သည်။

“သတင်း အစီအစဉ်ကို တနေ့ ၄ ကြိမ် ထုတ်လွှင့်နေတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေ ပြနေသလို ပြီးခဲ့တဲ့လကဆို ၀ါဒဖြန့် မဲပေးဖို့ သီချင်းတွေ စလွှင့်ခဲ့တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ထပ်လွှင့်မယ့် အစီအစဉ်တွေ ပြင် ဆင်နေတယ်”ဟု Forever Group မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ပြည်တွင်း ရုပ်သံ လိုင်းများအနက် ရုပ်သံလိုင်းကြည့် ပရိသတ်များ အထူးစိတ်ဝင်စားသည့် ရုပ်သံလိုင်း တခုဖြစ်ပြီး လူငယ်နှင့် လူလတ်ပိုင်း ပရိသတ်များ စိတ်ဝင်စားသည့် Fashion Music Festival ကဲ့သို့ အစီအစဉ်များ ထုတ်လွှင့်၍ ပြသခဲ့သည်။

ရွေးကောက်ပွဲ ဆန္ဒမဲ ပေးနည်းကို ပညာရေးဇာတ်လမ်းအနေနှင့် နိုင်ငံပိုင် ရုပ်မြင်သံကြား လိုင်းများတွင် ထုတ်လွှင့်သွားမည် ဟု ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“မြန်မာပြည် မီဒီယာ အနေနဲ့ ဂျာနယ်တွေ၊ အသံလွှင့် လိုင်းတွေ၊ ရုပ်သံလိုင်းတွေ အများကြီး တိုးလာတာက ပြည်သူလူထုရဲ့ အသိဉာဏ်ကို တစိတ်တပိုင်းအနေနဲ့ တိုးတက်စေတယ်လို့ မြင်တယ်။ အာဏာပိုင်တွေက ဘယ်လိုပဲ စည်းရုံးလှုံ့ဆော် ၀ါဒ ဖြန့်ဖြန့် ဒါကို ကြည့်ရမြင်ရ လေ့လာခွင့်ရတာကလည်း ပြည်သူလူထုအနေနဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ကို ပိုသုံးသပ် လာနိုင် သလို နိုင်ငံရေးအနေနဲ့ ပိုအမြင်ကျယ်လာစေမယ်၊ ပိုစဉ်းစားစရာတွေဖြစ်လာစေမယ်ဆိုရင် ဒါ အမြတ်ပဲလေ”ဟု MRTV 4 အစီအစဉ်တွင် ပါဝင် ထုတ်လွှင့်နေသည့် မီဒီယာ လုပ်ငန်းရှင်တဦး က ပြောသည်။

၂၀၀၄ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် MRTV 4 ရုပ်သံလိုင်းသည် တရက်လျှင် ၂ နာရီ စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၄ နာရီ တိုး ထုတ်လွှင့်ခဲ့ပြီးနောက် တရက်လျှင် ၆ နာရီ ပတ်လည်ဖြင့် ၄ ကြိမ်၊ ၂၀၀၉ ခုနှစ် မေလ ၁၂ ရက် နေ့မှ စတင်ကာ နေ့စဉ် နံနက် ၅ နာရီမှ ည ၁ နာရီ အထိ နာရီ ၂၀ ထုတ်လွှင့်ခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော Forever Group နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာ MRTV 4 အစီအစဉ်ကို ထုတ် လွှင့်ပေးနေသကဲ့သို့ Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်ကိုလည်း ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေခြင်း ဖြစ်သည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သော မြန်မာ့ ရုပ်မြင်သံကြား(MRTV)ကို ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာ ၊ ၁၉၉၅ ခုနှစ် တပ်မတော် နှစ်(၅၀) ပြည့် ရွှေရတုတွင် မြ၀တီရုပ်မြင်သံကြား ၊ ၂၀၀၁ ခုနှစ် သြဂုတ်လ တွင် MRTV 3 ၊ ၂၀၀၄ ခုနှစ်တွင် MRTV 4 တို့ကို စတင် ထုတ်လွှင့် ပြသခဲ့သည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment