အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Monday, September 13, 2010

ပဲခူးမြို့ မှ အရပ်သားလူငယ် (၂) ဦးအား ပစ်သတ်မှု အရေးယူမည်

ပဲခူးမြို့တွင် အရပ်သားလူငယ် (၂) ဦး သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး ပစ်သတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိစစ်သည်များအား ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

လူငယ်များ သေဆုံးမှုဖြစ်စဉ်ကိုဖော်ပြရာတွင် စက်တင်ဘာ (၄) ရက်နေ့ ည (၁၀) နာရီဝန်းကျင်တွင် ပဲခူးဘူတာလုံခြုံရေး တာဝန်ယူထားသည့်တပ်ဖွဲ့မှ အရာရှိတဦးနှင့် အခြားတပ်ဖွဲ့မှ အရာရှိတဦးတို့သည် ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ပြန်လာရာတွင် ပဲခူးမြို့မှ လူငယ် (၇) ဦးစီးလာသည့် သုံးဘီးဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်လဲသွားစဉ် လူငယ် (၇) ဦးက သုံးဘီးဆိုင်ကယ်ပေါ်မှဆင်းကာ ယင်းအရာရှိတို့ကို ရိုက်နှက်ခဲ့သည့်အတွက် ဘူတာလုံခြုံရေး တာဝန်ယူထားသော အရာရှိမှာ ဒဏ်ရာရရှိပြီး လဲသွားကြောင်း၊ အရာရှိ (၂) ဦးလုံးက ဆက်မရိုက်ရန် တောင်းပန်ခဲ့သော်လည်း လူငယ်များမှာ မူးနေသူများဖြစ်သည့်အတွက် တောင်းပန်၍မရခဲ့ကြောင်း ပါရှိသည်။

ထို့ကြောင့် အဖော်ပါလာသူ အရာရှိက ထွက်ပြေးပြီး ပဲခူးဘူတာရှိ လုံခြုံရေးစစ်သည်များကို သွားရောက်အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် အဆိုပါအရာရှိနှင့်အတူ လုံခြုံရေးစစ်သည် (၄) ဦး ပြန်လည်ရောက်ရှိလာရာ မြလမ်းထိပ်တွင် အခင်းဖြစ်ပွားရာ၌ ပါဝင်ခဲ့သည့် လူငယ် (၇) ဦးနှင့် ပြန်လည်တွေ့ဆုံကာ ထပ်မံခိုက်ရန်ဖြစ်ပွားခဲ့ရာ လုံခြုံရေးစစ်သည်တဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော် (၁၇) နှစ်နှင့် မောင်အောင်သူဟိန်း (၂၁) နှစ်တို့ သေနတ်ထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်မှာ အရပ်သားလူငယ်များနှင့် တပ်မတော်သားလူငယ်များ အရက်သောက်စားမူးယစ်ပြီး မတော်တဆ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးမှုအထိဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးခဲ့သည့် လူငယ် (၂) ဦးအား စက်တင်ဘာ (၇) ရက်တွင် ဆင်ဖြူကွင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း၊ သေဆုံးသူ (၂) ဦး၏ မိဘဆွေမျိုးများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်းပန်ခဲ့ကြောင်း၊ ယခု ဖြစ်စဉ်ကိုအခြေခံ၍ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်သူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့အရေးယူရန် ဆောင်ရွက်နေသည်ဆိုသော်လည်း ရန်ဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် တပ်အမည်များကိုမူ သတင်းတွင် ထုတ်ဖော်ရေးသားခြင်း မပြုပေ။

“သေတဲ့လူတွေကျတော့ နာမည်တွေတပ်တယ်၊ ပြီးတော့ သူတို့ကျတော့ နာမည်မပါဘူး။ ခွဲခြားတာက ဘာ့ကြောင့်လဲဆိုတာ ရှင်းနေပြီ” ဟု ပဲခူးသတင်းကို စိတ်ဝင်စားနေသည့် ပြည်သူတဦးက ပြောကြားသည်။

သတင်းစာတွင် ဖော်ပြသည်မှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားလူငယ်များနှင့် အရပ်သားလူငယ်များ အရက်သေစာသောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်သည့်ဖြစ်စဉ်မျိုးမှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မျိုးသာ ဖြစ်သည်ဟု ပါရှိသည်။

“အဲဒီလို ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောထားတာကတော့ သူတို့အနေနဲ့ အဲဒီလိုဖြစ်တိုင်း သေနတ်နဲ့ပစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ” ဟု ရန်ကုန်မြို့ခံတဦးက ဝေဖန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၅) ရက်နေ့ ည (၁၂) နာရီခွဲကျော်တွင် ပဲခူးမြို့ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်မှ မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ (၂) ဦးသည် ပဲခူး ခလရ (၅၉) တပ်မှ တပ်သား၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ၎င်းတို့၏ရုပ်အလောင်းများကို စက်တင်ဘာ (၇) ရက်တွင် ပဲခူး ဆင်ဖြူကွင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment