အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Wednesday, September 22, 2010

၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD ပါတီ ဘာလုပ်မှာလဲ









၁၉-၃-၂ဝ၁ဝ ရက်နေ့က လူထုဦးစိန်ဝင်းရဲ့အမြင် - NLD ရွေးကောက်ပွဲအကြောင်းကို ဖတ်လိုက် ရတယ်။ ဒီမှာ ကျွန်တော် ရိုးရိုးလေးရဲ့ အမြင်နဲ့ တိုက်ဆိုင်တာတွေရှိသလို မတိုက်ဆိုင်တာ တွေလဲရှိတယ်ဗျ။ ကျွန်တော်က NLD ပါတီဝင်မဟုတ်သလို အခြား ဘယ်ပါတီကိုမှလည်း ဝင်ပြီး နိုင်ငံရေးလုပ်မှာမဟုတ်ပါဘူး။ အစိုးရဝန်ထမ်းလဲမဟုတ်သလို နအဖ စစ်အစိုးရရဲ့ ဘက်တော်သားလဲ မဟုတ်ဘူး။ နအဖ စစ်အစိုးရက မကြာခဏ ပြောနေတဲ့ (တကယ်လုပ်မယ်လို့တော့ ထင်ထားတာပဲ၊ တကယ်ဖြစ်ရင်ကောင်းတာပေါ့ဗျာ) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးဆိုတာပါပဲ။ ကျွန်တော်တို့ ရိုးရိုးလေး ပြည်သူတွေကတော့ အမှန်တကယ်မျှော်လင့်နေတာ အဲဒါပဲ ဆိုတာတော့ ပြောချင်တယ်ဗျာ။
နအဖ စစ်အစိုးရကတော့ သူတို့ထုတ်ဖော်ပြောကြားထားတဲ့အတိုင်း မူဝါဒလမ်းစဉ် (၇)ရပ်ထဲက ပဉ္စမ အဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ ဥပဒေတွေကို မတ်လ ၈ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မျှော်လင့်နေတဲ့ အနာဂတ်နိုင်ငံတော်သစ် ကြီးရဲ့ ခြေလှမ်းအစဖြစ်လို့သဘောကျတယ်ဗျာ။
စစ်အစိုးရရဲ့ သတင်းစာတွေမှာ ရွေးကောက်ပွဲဥပဒေ ၅ ခု ဖော်ပြခဲ့တာကို အချို့သူတွေက သူတို့ အမြင်နဲ့ မကိုက်ညီတာတွေ ပြောနေကြတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနာဂတ်အိမ်မက် နိုင်ငံကိုတော့ မဖျက်ဆီးကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ စစ်အစိုးရကလဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး စဉ်းစားချင့်ချိန်ရေးဆွဲခဲ့တာဖြစ်မယ်ဗျ ။ ရိုးရိုးလေးအပါအဝင် ပြည်သူ ရာနှုန်းပြည့်နီးပါးလဲ လက်ခံခဲ့တာ အမှန်ပါပဲ။ အများလက်ခံတဲ့ကိစ္စကို ဘာလို့ ပြောနေကြမှာလဲလို့ မေးလိုက်ချင်တယ်ဗျာ။ လူထုဦးစိန်ဝင်းကိုလဲ ကျွန်တော် တစ်ခုမေးချင်တယ်။ လူထုလို့ နာမည်ရဲ့ရှေ့မှာ ဘာကြောင့်ခံ ထားသလဲ။ အမှန်တကယ် လူထုကို ကိုယ်စားပြုချင်တယ်ဆိုရင် လူထု လိုလားတောင့်တတာတွေကို သိဖို့လိုပြီလို့ ပြောချင်ပါတယ်။ စစ်အစိုးရရော၊ NLD ပါတီရော အားလုံးအတူတူပါပဲ။ အမှန်တကယ် လူထုကို ကိုယ်ချင်းစာပြီး နိုင်ငံအတွက် စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ကြဖို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော်တို့ သာမန်ပြည်သူတွေ ကြားနေရတာရှိတယ်ဗျ။ နိုင်ငံတကာမှာလဲ ဒီမိုကရေစီ ရွေးကောက်ပွဲတွေလုပ်၊ အစိုးရအဖွဲ့တွေဖွဲ့ကြပြီး နိုင်ငံကောင်းကျိုးအတွက် လုပ်ကြတာ ကြားနေရတယ်ဗျာ။ အချို့တွေလဲ ပါတီခေါင်းဆောင်တွေအနေနဲ့ နေရာရဖို့ ယှဉ်ပြိုင်ပြောဆိုတာတွေ ရှိပေမဲ့ သူ့နိုင်ငံကို ဘယ်လိုကောင်းအောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အရင်းအမြစ်ကောင်းတွေ ဘယ်လိုလုပ်မယ်ဆိုတာတွေနဲ့ လူထုကို မဲဆွယ် စည်းရုံးတာတွေကိုပဲ တော်တော်များများ ကြားသိရတယ်ဗျာ။ ရှုံးနိမ့်ခဲ့ရင်လဲ လက်ရှိ အနိုင်ရပါတီ အစိုးရနဲ့ လက်တွဲပြီး အဲဒီအစိုးရရဲ့ လုပ်ဆောင်မှုကို ကန့်ကွက်တာတွေ၊ သဘောတူထောက်ခံတာတွေ (သူ့နိုင်ငံအတွက်) ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုပဲ ဖြစ်သင့်တာပေါ့ဗျာ။ ဦးစိန်ဝင်းပြောခဲ့တယ် ''NLD ပါတီက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာပဲလို့'' ကျွန်တော် သာ NLD ခေါင်းဆောင်ဆိုရင်လဲ ဒီအတိုင်းပဲလုပ်မှာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ်ဆိုပြီး တိုင်းပြည်ကိုဝန်ခံတဲ့ ကြေညာချက် ထုတ်ပြန် သင့်ရင် ထုတ်ပြန်ရမှာပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ကြောင့် ဖြစ်နေတာပါပဲ။ ဒီလိုမဟုတ်ဘဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုတော နေရင်တော့ ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်ဗျာ။ ဒါပေမဲ့ NLD ပါတီဟာ မူမရှိတဲ့ နိုင်ငံရေးပါတီတစ်ခုလို့ ဦးစိန်ဝင်းက ပြောတော့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါ တကယ်ပဲလားလို့ အမှန်ပဲဆိုရင်တော့ ကောင်းကျိုးပေးမှာ မဟုတ်တဲ့အတွက် ဒီပါတီကို ဖျက်သိမ်းလိုက်တာပဲ ကောင်းမယ်လိုထင်ပါတယ်။
မတ်လ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ NLD အလုပ်အမှုဆောင် ကော်မတီဝင် (ဦးစိန်ဝင်းပြောတဲ့ သက်ကျားအို၊ မျက်စိမမြင်၊ နားမကြားတဲ့သူတွေ)များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တောင်းဆိုခဲ့တယ်လို့ RFA အသံလွှင့်ဌာနက ပြောကြားခဲ့တာကို ကြားသိခဲ့ရပါတယ်။ ဘာကြောင့် သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲ။ အများက ထင်မြင်ပြောဆိုနေကြသလို ထဘီတစ်ထည်အာဏာရှင်ရဲ့အောက်မှာ သက်ကျားအိုတွေ ငြိမ်ကုတ် နေကြတယ်ဆိုတာ အမှန်ပဲလား။ သူမပါဘဲနဲ့ သက်ကျားအိုတွေ ဘာမှမလုပ်တတ်ဘူးဆိုတာ အမှန်ပဲလား။ ဒါဆို ဦးဥာဏ်ဝင်းပြောတဲ့ NLD ပါတီဟာ ပါတီမှတ်ပုံတင်/မတင်နဲ့ ရွေးကောက်ပွဲဝင်/ မဝင်ကိစ္စတွေအားလုံး မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်မဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်ခဲ့ရင်(အမိန့်ပေးတာ သွားရောက်မနာခံခဲ့ရင်) သက်ကျားအိုတွေ ဘာမှ ဆုံးဖြတ်ချက် ချနိုင်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အများက ထင်နေကြသလို သက်ကျားအိုတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ယာယီ ရိုသေနေတာ ကောမဖြစ်နိုင်ဘူးလား။ ဒေါ်အောင်ဆန်း စုကြည်ကကော သက်ကျားအိုတွေကို အသုံးချဖို့ မလှုပ်နိုင်တဲ့နည်းတွေနဲ့ ထိန်းချုပ်ထားတာကော မဖြစ်နိုင်ဘူးလား။ ဦးစိန်ဝင်းပြောခဲ့သလို NLD ပါတီဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် အရေးမပါ အရာမရောက်တဲ့ ပါတီ တစ်ခုဖြစ်နေပြီလား။ ဒါပေမဲ့ NLD ပါတီက ငါတို့လုပ်မှ၊ ငါတို့ပြောမှ၊ ငါတို့ပါမှ တရားဝင်သည် ဆိုတဲ့အတိုင်း လုပ်ဆောင်နေတာတွေကို ထည့်မတွက်တော့ဘူးလား။ ကျွန်တော့အမြင်ကတော့ NLD ကို လျှော့တော့မတွက်ပါနဲ့။ (ဘာဖြစ်လို့လဲဆိုတော့ သူ့နောက်မှာ ကျားကြီးရှိနေတယ်)။ ဒါပေမဲ့ ထည့်ပြီးတော့လဲ စဉ်းစားစရာမလိုဘူးလို့ပဲ ပြောချင်ပါတယ်။
NLD ကို အငြိမ့်သဘင်တစ်ခုနဲ့နှိုင်းပြီး ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့ထွက် မင်းသမီး(အရေးမပါသူ)ဖြစ်သလို၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးလှဖေနဲ့ ဦးဥာဏ်ဝင်းတို့ကလဲ လူပြက်အဆင့်လောက်ပဲရှိတယ်လို့ သတ်မှတ်ရမလိုဖြစ်နေပြီ။ ကဲ NLD ရေ ကျွန်တော်တို့ ပြည်သူတွေအတွက် ဘယ်လမ်းစဉ်၊ ဘယ်မူတွေနဲ့ ဘယ်လို ဆက်လုပ်ကြမှာလဲလို့ မေးချင်တယ်ဗျာ။ ကျွန်တော် ရိုးရိုးလေးတို့က ရိုးရိုးရှင်းရှင်းပဲ သက်ဆိုင်သူအားလုံးကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်နိုင်ငံတော်ကြီး(စစ်အစိုးရပြောတဲ့) အေးချမ်း၊ ခေတ်မီ၊ ဖွံ့ဖြိုး၊ တိုးတက် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာဖို့ -

- စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပေး စေလိုပါတယ်။

- NLD ပါတီကလဲ အရေးကြီးတဲ့အချိန်ရောက်ပြီ (လမ်းဆုံလမ်းခွရောက်နေပြီး) ဖြစ်တဲ့အတွက် ကောင်းမွန်မှန်ကန်တဲ့မူများ ချမှတ်၊ ဆုံးဖြတ်ဖို့ တောင်းဆိုချင်ပါတယ်။

- -ရိုးရိုးလေးတို့ ပြည်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲမှာ ကောင်းမွန်မှန်ကန်သောမူ မရှိတဲ့ NLD ပါတီ မပါဝင်ခဲ့ရင်လည်း ရွေးကောက်ပွဲကို ကျင်းပသွားပါလို့ တောင်းဆိုချင်ပါတယ်။

'' မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ မှီငြမ်းထောက်အသစ်မှီတယ်၊ ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုးမြန်မာချင်း ကြွားကြချင်၊ ဓားပြသွင်လူဆိုး
ခုမြေလျှိုးပုန်းအောင်ရှောင် မိုက်မနော်ပြုမဟေးတို့က၊ သူ့ပထွေးတော့ ခွေးသို့မဟောင် ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်၊ စာဇင်တောင် ဦးချလို့ ပလူးရ ပြောကြခါခါ၊ ခွေးသို့ပမာ တွေးမိတိုင်းအရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး '' ။

အချုပ်တန်းဆရာဖေရေးသားခဲ့တဲ့ အထက်ပါ တေးထပ်ထဲကလို လူစားမျိုးတွေ မရှိကြဖို့ လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

ရိုးရိုးလေး

မိတ္တူထုတ်ရန်

No comments:

Post a Comment