အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Sunday, September 26, 2010

နတ်လူသာဓုခေါ်နိုင်ပါစေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဥပဒေ(၅)ခုကို မတ်လ(၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်လို့ ပြည်တွင်း/ပြည်ပက ဝေဖန်ချက်တွေဟာ ကိုလိုနီမီဒီယာတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေမှာ ပလူပျံနေတဲ့သတင်းတွေ ဖြစ်တယ်။

အဲ့ဒီဥပဒေတွေအပေါ်မှာ ကျီးအာသလို ဝိုင်းအာနေတဲ့ အသံတွေကိုနားထောင်ကြည့်တော့ လွှတ်တော်အသီးသီးမှာ ရွေးကောက်ခံမဲ့သူနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနဲ့ပတ်သက်လို့ ထောင်ဒဏ် ကျခံနေသူတွေဟာ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ/ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် အပေါ် အဓိက မူတည်ပြီး ဝိုင်းအာနေကြတာ တွေ့ရတယ်။

ဘာလို့ဒီလိုဝိုင်းအာရသလဲ။ ရှင်းရှင်းလေးပါ။ သူတို့အလိုကျ ပုဆိန်ရိုး ရုပ်သေးရုပ်ကို အစိုးရအာဏာရ အောင် တွန်းတင်ပေးဖို့ မဟာအကြံ ထိခိုက်သွားလို့ပါပဲ။

ပြောသေးတယ်ဗျ၊ အစိုးရထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်မရအောင် ပိတ်ပင်ထားသတဲ့၊ အစိုးရဆန့်ကျင်သူတွေ ရွေးကောက်ပွဲမှာ ပါလို့မရ အောင် ပိတ်ပင်ထားသတဲ့၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေသစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထဲ အတွက် ရည်ညွှန်းရေးသားထားသလိုဖြစ်နေတဲ့အတွက် ရှက်စရာကောင်းကြောင်း ဒေါ်စုက ပြောသတဲ့

ရွေးကောက်ပွဲဆိုင်ရာဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ ဆန္ဒမဲပေးသူများရဲ့ (၉၂.၄၈)ရာခိုင်နှုန်းက အတည်ပြုထောက်ခံခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝ၁ဝ)ရဲ့ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၆၉ နဲ့ ပုဒ်မ ၃၉၂ တွေမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံမဲ့သူတွေ၊ ဆန္ဒမဲပေးမဲ့သူတွေနဲ့ပတ်သက်လို့ ထောင်ဒဏ်ကျခံနေရသူတွေဟာ ရွေးကောက်တင်မြှောက်ခံခွင့်/ဆန္ဒမဲပေးခွင့်မရှိစေရ ဆိုတာ အတိအလင်း ပြဋ္ဌာန်းထားတယ်အခုရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကျမှ ပြဋ္ဌာန်းတာမဟုတ်တာ တွေ့ရတယ်။ ဒါကိုသိသိကြီးနဲ့ အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကျမှ ပြဋ္ဌာန်းသယောင်ဖြစ်အောင် တရားလက်လွတ် ပြောနေကြတာ တွေ့ရတယ်။

နတ်မျက်စေ့လေ့လာကြည့်သလောက်ကတော့ နိုင်ငံခြားတိုင်းပြည်တွေမှာလဲ ထောင်ဒဏ်ကျခံနေရ သူတွေ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရတာ မတွေ့ရဘူးဗျာ။ တွေ့ဖူးရင်လဲ ဗဟုသုတမျှဝေကြပါဦး။ နိုင်ငံခြားမှာ ထောင်ဒဏ်ကျခံနေသူတွေ အရွေးချယ်ခံခွင့်/မဲပေးခွင့်ရှိရင်လဲ ရှိရှိပေါ့ဗျာ။ မြန်မာနိုင်ငံအတွက်ကတော့ အဲဒီ ထောင်ကျခံနေရသူတွေ အရွေးခံပိုင်ခွင့်/ မဲပေးပိုင်ခွင့် မရှိဘူးဆိုတာ လက်ရှိအစိုးရက သတ်မှတ်တာ မဟုတ်ဘူး။ နိုင်ငံသားအလွှာပေါင်းစုံပါဝင်တဲ့ အမျိုးသားညီလာခံက သဘောတူအကြံပြုချမှတ်ပေးခဲ့တဲ့ ဒီသတ်မှတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)မှာ ဖော်ပြခဲ့ပြီး လူထုက တခဲနက်ထောက်ခံမဲပေးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြသတ်မှတ်ထားတာသာ ဖြစ်တယ်။ ဘာလို့သူများပြည်တွင်းရေးမှာ ဝင်ပြီး နှောင့်ယှက်ချင်ရတာလဲလို့ နိုင်ငံခြားသားတွေကို မေးချင်တယ်။ ပည်တွင်းပုဆိန်ရိုးတွေကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒမဲပေးစဉ်က မိမိလိုအင်ဆန္ဒအရ မကြိုက်တဲ့ အချက်အပေါ်မူတည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြမှာပါ။ အဲဒီကန့်ကွက်မဲတွေက အများစုရဲ့ ထောက်ခံမဲကို ရှုံးနိမ့်ခဲ့ပြီးသား မဟုတ်လား၊ ပွဲဆူအောင် လုပ်နေတာလား၊ ပွဲဆူရင် ပြည်သူအများစု နစ်နာမှာကို သိသိနဲ့လုပ်နေတာမို့ ခင်ဗျားတို့ဟာ အဖျက်သမား တွေလို့ မြင်တယ်။

ပြည်တွင်း/ပြည်ပက အဆိုးမြင်ဝါဒီတွေကို နောက်တစ်ခုပြောချင်သေးတယ်ဗျ။ ၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝ၁ဝ)နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဘာတွေပဲ ပြဋ္ဌာန်းထားထား၊ ဘာသတ်မှတ်ချက်တွေဘဲရှိရှိ ''ဒေါ်စုကို လွှတ်ပေး။ ဒေါ်စုကို ရွေးကောက်ပွဲ ဝင်ခွင့်ပေး'' ဒါက တောင်းဆိုချက်။ ''ဒေါ်စုမပါရင် ဒီရွေးကောက်ပွဲအပေါ် အများစုက ယုံကြည် လက်ခံပြီး တရားဝင်ဖြစ်မှာမဟုတ်ဘူး'' ဒါက ခြိမ်းခြောက်ချက် စတာစတာတွေနဲ့ အစပျိုးယုံရှိသေးတဲ့ ရွေးကောက်ပွဲကို ညာသံပေးပြီး နည်းလမ်းပေါင်းစုံနဲ့ ပျက်အောင်ဖျက်နေတဲ့လုပ်ရပ်ကို မြန်မာပြည်သား အများစုက အထင်အရှား သိမြင်နေပြီးသားမို့ ''၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး၊ ဒို့အရေး'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ ချီတက်ကြဖို့ သန္နိဋ္ဌာန်ပြုထားတယ်ဆိုတာရယ်၊ လက်ရှိအစိုးရကလဲ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ပြီးမြောက်တဲ့အထိ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ရှေ့ဆက်ဆောင်ရွက်သွားမှာမို့ရယ်ကြောင့် ခင်ဗျားတို့ပြောရင် မောတာဘဲရှိလိမ့်မယ်။ ဒါပေမယ့်ခင်ဗျားတို့ရဲ့ အဖျက်လုပ်ရပ်ကြောင့် အခုရောက်ရှိနေတဲ့ လမ်းကြောင်းမှန်ပေါ်ကလွဲသွားရင် ခင်ဗျားတို့သာ တာဝန် ရှိလိမ့်မယ်ဆိုတာရယ်ကို နတ်မျက်စေ့က ပြောချင်တယ်။ ခင်ဗျားတို့အနေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကို ဖောက်ပစ်မယ်ဆိုတဲ့ အကြံယုတ်တွေ ဘေးဖယ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အစိုးရကို ဝိုင်းဝန်းကူညီမယ်ဆိုရင် နတ်လူ သာဓု ခေါ်စရာဖြစ်မှာပါ။ နတ်လူသာဓုခေါ်နိုင်စရာတွေကို ကြိုးစားစွမ်းဆောင်ကြည့်ပါလားဗျာ။

နတ်မျက်စိ

မိတ္တူထုတ်ရန်

No comments:

Post a Comment