အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Thursday, September 16, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ပါတီ ခန် ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်မှကြေငြာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/ ၂၀၁၀) ကို စက်တင်ဘာ (၁၄) ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံရေးပါတီဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်းဟု ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေးပါတီ (၅) ပါတီက သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်းမရှိသည့်အတွက် ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြသည်။

ယင်းသို့ ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သည့်ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ၀အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြသည်။ အဆိုပါတီများမှာ သတ်မှတ်ရက် ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခြင်းမရှိသည့်အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ (၄၂) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာတွင် အသစ်လျှောက်ထားသည့်ပါတီ (၃၇) ပါတီနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်ရသည့်ပါတီ (၅) ခုတို့ပါဝင်သည်။

အဆိုပါ ပါတီ (၅) ခုမှာ မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ဖြစ်ကြသည်။

ထိုသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့ပြီး ဖြစ်သည့်ပါတီ (၄၂) ခုအနက်မှ ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ကိုမူ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် (၃) ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် ကော်မရှင်က ပါတီများကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

ယင်းသို့ ပါတီများဖျက်သိမ်းရာတွင် အန်အယ်လ်ဒီပါတီ ပါဝင်မှုနှင့်ပတ်သက်၍ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “ဥပဒေမှာ ပါပြီးသားအချက်ပဲဗျာ။ ကြေညာဖို့ဆိုတာ အဲဒီလိုကြေညာခွင့် ရှိရဲ့လားဆိုတာပဲ ပြောချင်ပါတယ်။ ကော်မရှင်ဥပဒေမှာ ကျနော်တော့ မတွေ့သေးဘူး” ဟု ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း “ကျနော်တို့က ရွေးကောက်ပွဲလည်းမ၀င်ဘူး။ မှတ်ပုံလည်းမတင်ဘူး ပြောထားပြီးတော့ကာ ဒါတွေ ဖြစ်မယ်ဆိုတာ သိထားပြီးသားပါ။ ကျနော်တို့အဖွဲ့အနေနဲ့ကတော့ ဒါတွေကို မျှော်မှန်းထားပြီးသားပါ” ဟု ပြောဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၀) ကို ၂၀၁၀ ခု၊ မတ် (၁၇) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာသည့်နေ့မှ ရက်ပေါင်း (၆၀) အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ နအဖစစ်ကောင်စီက ထုတ်ပြန်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် တရာမျှတမှု လုံးဝမရှိသဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့် မတ် (၂၉) တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် နအဖထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ တရားစွဲဆိုခဲ့သေးသည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment