ယနေ့တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီးဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေးစတဲ့ ပြည်တွင်း၊ ပြည်ပပြဿနာများနဲ့ အနည်း အများဆိုသလိုရှိနေကြပြီး ရုန်းကန်နေကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံငယ်မပြောနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကိုကြည့်ရင် အတော်ရင်လေးစရာ ကောင်းတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်ကိုင်ထားပြီး ခေတ်အဆက်ဆက် သြဇာလွှမ်းမိုးအောင် လုပ်ဆောင်ခဲ့တဲ့အကြောင်း-အကြောင်းတွေဟာ ယနေ့အမေရိကန်အပေါ်မှာ အကျိုး-အကျိုးတွေ သက်ရောက်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်နေပြီဖြစ်တဲ့ အပြင် အောင်မြင်မှုလည်းမရတဲ့ အာဖဂန်စစ်ပွဲ၊ ငွေလဲကုန်၊ အကျအဆုံးလည်းများပြီး အီရတ်ပြည်သူတွေပါ ကြားကနေ အများအပြားသေဆုံးစေခဲ့တဲ့ အီရတ်စစ်ပွဲ၊ ဥရောပတခွင်မှာ အထိတ်ထိတ် အလန့်လန့်ဖြစ်နေရတဲ့ ပိုလန်ဒုံးခွင်းဒုံး ပြဿနာတွေအပြင် နောက်ထပ်ငွေကြေးအကျပ်အတည်းပါဆိုက်ရောက်လာတာကြောင့်အဲ့ဒီနိုင်ငံကြီးရဲ့ပြည်သူများဟာ အစိုးရအပေါ် မကျေနပ်ချက်တွေ ပိုမိုများပြားလာကာ အစိုးရနဲ့ မူဝါဒအပြောင်း အလဲများ ဖြစ်ပေါ်လာစေရန် လိုလားလာကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို သိတဲ့ သမ္မတလောင်း အိုဘားမားဟာ ဒီစိန်ခေါ်မှုကြီးများ အမှန်တကယ်ကြီးထွားလာနေကြောင်းသိရှိခဲ့ပြီး အမှန် တကယ်ပြောင်းလဲရန်လိုအပ်နေကြောင်း သုံးသပ်လာတဲ့အတွက် မဲဆွယ်ပွဲတွေမှာ “Change We need” ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်သုံးပြီး ပြည်သူတွေရဲ့နှလုံးကို သိမ်းကြုံးယူ နိုင်ခဲ့တဲ့အတွက် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။အမှန်မှာတော့ “အရင်းစစ်တော့ အမြစ်မြေက” ဆိုသလိုဒီပြဿနာတွေဟာ ဘယ်ကစလဲလို့မေးရင် ဒီနိုင်ငံကြီးက စခဲ့တာတွေ ချည်းပါဘဲ။ ပြောရရင်တော့ ကမ္ဘာ့နိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးလာရင် ဒီဝါဒကို နိုင်ငံငယ်တွေက စုပြီးကာကွယ်မှုတွေ၊ စစ်ရေး လေ့ကျင့်မှုတွေ လုပ်လာမှာဖြစ်သလို၊ ဒုံးခွင်းဒုံးတွေ တီထွင်ထုတ်လုပ်စမ်းသပ် ပစ်လွှတ်လာရင်လည်း ပြိုင်ဘက်နိုင်ငံတွေက ဒီထက်အစွမ်းထက်တဲ့ လက်နက်တွေ တိုးတက်ထုတ်လုပ်ကြမှာအမှန်ပါဘဲ အဲ့ဒီဒုံးပျံတွေကို ဥရောပမှာ တပ်ဖြန့်ချထားရင် ပြိုင်ဘက်နိုင်ငံတွေကလည်း တုံ့ပြန်နိုင်မဲ့ ဒုံးပျံတွေ ပြန်လည်ချထားမှာ မလွဲပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံကြီးဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာ တွေများလာတာကြောင့် ပြောင်းလဲမှုကို လိုလားတာပါဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ အမှန်တကယ် သုံးသပ်ပြီး စိတ်ကိုဖြူစင်အောင်ထားကာ ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ ၊ အသိဥာဏ်နဲ့ယှဉ်ပြီး ပြောင်းလဲမှသာ ကမ္ဘာကြီးဟာ အမှန် တကယ် အေးချမ်းလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့လို ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းနေကြတဲ့ နိုင်ငံငယ်တွေဟာ ပိုပြီးလက်ခံယုံကြည်လာမှာ ဧကန်မလွဲပါခင်ဗျား။ဒါနဲ့ကျွန်တော်တို့ နိုင်ငံကို အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ဆို့ခဲ့တာတောင် ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှစပြီး ယနေ့အထိ နှစ်ပေါင်းအတော်ကြာ ခံစားခဲ့ရပါတယ်။ အဲဒီတုန်းက နိုင်ငံကြီးရဲ့ အစီအမံကတော့ စစ်အစိုးရ ဆက်လက်မရပ်တည်နိုင်ရေး၊ မရှင်သန်နိုင်ရေးကို ဦးတည်ခဲ့သော်လည်း ပစ်မှတ်ကတော့ လွဲချော်ခဲ့တာ အမှန်ပါ၊ ထိတော့ ပြည်သူတွေပါ။ ပြည်သူလူထုဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေ ယနေ့အထိ ဆိုလျှင် စီးပွားရေးပိတ်ဆို့မှုရဲ့ ဒဏ်ကို ခံစားခဲ့ကြရတာ နှစ်ပေါင်း(၂၁)နှစ် ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မွေးဖွားခဲ့တဲ့ ကလေးတွေဆိုရင် ယခုအချိန်မှာ လူလားမြောက်တဲ့အရွယ်တောင် ရောက်နေ ကြပါပြီ။ ဒီလူငယ် တွေကိုမေးရင် အနောက်နိုင်ငံကြီးများမှလာတဲ့ ကားတွေ၊ ယာဉ်တွေ၊ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ သိတောင်မသိ သလောက်ပါဘဲ။ ဒီကလေးတွေဟာ မြန်မာပစ္စည်း၊ အိန္ဒိယပစ္စည်း၊ တရုတ်ပစ္စည်းတွေနဲ့ပဲ ဖက်ပြီးမွေးလာသလိုပါဘဲ။Globallization ခေတ်ကြီးမှာ ဒီGeneration မျိုးဆက်တွေဟာ အနောက်နိုင်ငံကြီးတွေနဲ့ အဆက်ပြတ် နေပြီဆိုတာ တွေ့ကြရမှာဖြစ်ပါတယ်။ တချို့က စီးပွားရေးပိတ်ဆို့တယ်ဆိုတာ နိုင်ငံအတွက် အန္တရာယ်နည်းပါးပြီး ထိခိုက်နစ်နာမှု သက်သာတဲ့နည်းလမ်းတစ်ခုအဖြစ် အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်လို့ ယူဆကြပြီး တချို့က တော့ စီးပွားရေးပိတ်ဆို့ခြင်းဟာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ သံတမန်နည်းနဲ့ စစ်ရေးနည်းလမ်းတို့အကြား အထောက်အကူပြုစေတဲ့ နည်းလမ်းလို့ ရှုမြင်ခဲ့ကြပါတယ်။ သို့သော်လည်း မည်သည့်နည်းလမ်းအပေါ် မူတည်၍ ကျင့်သုံးသည်ဖြစ်စေ၊ ပိတ်ဆို့ခံရတဲ့နိုင်ငံဟာ စီးပွားရေး ထိခိုက်ဆုံးရှုံးခြင်း၊ လူမှုရေးအဆောက်အအုံပြိုကွဲခြင်းတို့ ဖြစ်ပေါ်စေနိုင်တာကြောင့် ပြည်သူတွေကို တိုက်ရိုက်ထိခိုက်မှာဧကန်မလွဲပါဘဲ။ စီးပွားရေးပိတ်ဆို့မှုကို လက်နက် အဖြစ် အသုံးပြုရင် ပြည်သူလူထုကို ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက်မှသာ အပြုသဘောဆောင်တဲ့လုပ်ရပ် ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်လျှင် အဖျက်သဘော ဆောင်တဲ့ နည်းလမ်းသာဖြစ်ပါတယ်။ အတ္တဆန်မှုကို အရင်းခံပြီး လုပ်ဆောင်ခဲ့တာကြောင့် အတွေးမှား၊ အမြင်မှားပြီး လုပ်ဆောင်ချက်တွေလဲ မှားယွင်းခဲ့ခြင်းဖြစ်မယ်လို့ ယူဆပါတယ်။ ဒီအမှားတွေကို အတွေးမှန်၊ အမြင်မှန်နဲ့ Change - ပြောင်းလဲသင့်ပါကြောင်း အကြံပြုလိုပါတယ်။
စီးပွားရေးပိတ်ဆို့မှုရဲ့အစဟာ ၁၉၈၈ ခုနှစ်အရေးအခင်းအပြီးမှာ မြန်မာနိုင်ငံကို သံတမန်ဆက်သွယ်မှု အဆင့်လျှော့ချခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ကူညီထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြည်ပအရင်းအနှီးများ စီးဝင်မလာစေရေး၊ ချေးငွေများနှင့် အထောက်အပံ့များမရရှိစေရေး၊ ကုန်သွယ်မှုမပြုလုပ်ကြဖို့နဲ့ ပိတ်ပင်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြောင်း တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်က စပြီး အရှိန်မြှင့်ပြဌာန်းလိုက်တဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေတွေဟာ ၂၀၀၈ ခုနှစ်ကုန်တဲ့အထိ အဲ့ဒီနိုင်ငံကြီးသားများနှင့် ကုမ္ပဏီများဟာမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရဆိုတဲ့ ဥပဒေကတစ်မျိုး၊ မြန်မာ့ထွက်ကုန်များ အမေရိကန်သို့တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေက တစ်ဖုံ၊ ငွေလွှဲပြောင်းပေးပို့ခြင်းများ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ ချေးငွေများ၊ ငွေကြေးထောက်ပံ့မှုများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်တဲ့နည်းက တစ်နည်း၊ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကို လိုက်လံပိတ်ဆို့တာကတစ်သွယ် စတဲ့ပိတ်ဆို့မှုတွေအပြင် ကျန်တဲ့ပြဋ္ဌာန်းချက်တွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေကိုလည်း Change လုပ်ပေးသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။
အမှန်အတိုင်း မည်သူကိုမဆို မေးရင်တောင် အင်မတန် Power ကြီးမားတဲ့နိုင်ငံကြီးက Power ငယ်တဲ့ ကျွန်တော်တို့လို နိုင်ငံငယ်လေးတစ်ခုကို ဒိတ်ဒိတ်ကျဲ သမ္မတကြီးများဖြစ်ကြတဲ့ ကလင်တန်နဲ့ ဘုရှ်တို့က သက်တမ်းအဆက်ဆက်မှာ ဆက်တိုက်ဆက်တိုက် ကိုယ်တိုင်လက်မှတ် ရေးထိုးပြီးSanctions တွေချမှတ်ခဲ့တာဟာ မြန်မာပြည်သူတွေကို အလေးမထားဘဲ ကြီးနိုင်ငယ်ညှဉ်းလုပ်ခဲ့တာဘဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ Sanctions တွေဟာလည်း လိုအပ်သည်ထက် ပိုမိုပြင်းထန်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် သေချာစွာသိမြင်ခြင်းမရှိဘဲ မလိုလားသူတွေရဲ့ Media ထိုးနှက် ချက်တွေကို တစ်ဖက်သတ် ယုံကြည်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ ထို့အတူ(၂၇)နိုင်ငံ စုပေါင်းဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့အစည်းကြီးသည်ပင်လျှင် နိုင်ငံကြီးရဲ့ တွန်းအားပေးမှုကို ပကတိကိုယ်ပိုင်ဥာဏ်ဖြင့် မဆုံးဖြတ်နိုင်ဘဲ နိုင်ငံကြီးရဲ့စကားကို မလွန်ဆန်နိုင်ဘဲ စီးပွားရေးပိတ်ဆို့ခဲ့တာ တွေ့ကြရမှာဖြစ်ပါတယ်။ နိုင်ငံကြီးနဲ့ အနောက် နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု FDI တွေ လျော့ကျ သွားခဲ့ပြီး လုပ်ငန်းများလည်း လျော့နည်းကျဆင်းလာကာ ပို့ကုန်ပမာဏ လျော့ကျ ခဲ့သည့်အပြင် ပို့ကုန်အမျိုးအစား မှာလည်း တိုးတက်မှု နှောင့်နှေးခဲ့ကြရပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ FDI ဟာ (၁၀)နိုင်ငံမှာ နံပတ်(၈) အဆင့်သာရှိပြီး ရာခိုင်နှုန်းအားဖြင့် (၁.၂)ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကုန်သွယ်မှုကို ကြည့်ရင်လည်း စီးပွားရေးကို ဘက်စုံပိတ်ဆို့ထားသည့်အတွက် ၁၉၈၈ -၁၉၈၉ ဘဏ္ဍာရေး နှစ်မှစပြီး ၁၉၉၇ -၁၉၉၈ ထိ (၉)နှစ်အတွင်း နှစ်စဉ်ကုန်သွယ်ရေးလိုငွေပြမှုများ များစွာပေါ်ပေါက်ခဲ့ရပါတယ်။ ၁၉၉၃-၁၉၉၄ မှ ၁၉၉၈-၁၉၉၉ ထိ ကုန်သွယ်ရေး လိုငွေပြမှုများဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ ၁၉၉၆-၁၉၉၇ မှာ ကုန်သွယ်ရေးလိုငွေပြမှု ပမာဏဟာဒေါ်လာ သန်းပေါင်း (၁,၀၆၄)၊ ၁၉၉၇-၁၉၉၈ မှာ ဒေါ်လာ သန်းပေါင်း(၁,၂၇၃)၊ ၁၉၉၈-၁၉၉၉ မှာ ဒေါ်လာသန်းပေါင်း (၁,၆၂၀)ထိ လိုငွေပြခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုများ လွန်စွာနည်းပါးလာသည့် အတွက် ကုန်ထုတ်လုပ်မှုများလည်း အားပျော့လာကာ ကုန်ဈေးနှုန်းမှာ မြင့်တက်လာခဲ့သဖြင့် ငွေဖောင်းပွမှုနှုန်း လည်း မြင့်တက်လာခဲ့ပါတယ်။ မိမိထုတ်ကုန်ထက် ပြည်ပမှ ၀ယ်ယူတင်သွင်းရတာက ပိုမိုများပြားလာတာကြောင့် ကျပ်ငွေတန်ဖိုးမှာလည်း တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ ပြည်ပဈေးကွက် မှာ အမေရိကန် တစ်ဒေါ်လာဟာ ၁၉၈၈ ခုနှစ်မှာ (၄၃)ကျပ်သာ ရှိသေးသော်လည်း စီးပွားရေးပိတ်ဆို့ပြီးနောက်ပိုင်း ၁၉၉၀ ခုနှစ်မှာ (၆၂.၃၀) ကျပ်၊ ၁၉၉၂ ခုနှစ်မှာ (၁၀၅.၅၀)ကျပ်၊ ၁၉၉၅ ခုနှစ်မှာ (၁၂၀.၄)ကျပ်၊ ၁၉၉၈ ခုနှစ်တွင် (၃၄၄.၉၀)ကျပ်၊ ၂၀၀၀ ပြည့်နှစ်မှာ (၄၅၀)ကျပ်၊ ၂၀၀၁ ခုနှစ်မှာ (၈၀၀)ကျပ်၊ ၂၀၀၂ ခုနှစ်မှာ (၁၃၀၀)ကျပ်၊ ၂၀၀၅ ခုနှစ်မှာ (၁၁၀၀)ကျပ်နှင့် ၂၀၀၇ ခုနှစ်မှာ (၁၂၀၀)ကျပ် အသီးသီးမြင့်တက်ခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအားလုံးဟာ ဒီစီးပွားရေးပိတ်ဆို့မှု ကြောင့် ဖြစ်ပွားခဲ့တဲ့ အကျိုးဆက်များကို ခါးသီးစွာခံစားခဲ့ရပါတယ်။
နောက်တစ်ချက်ထောက်ပြလိုတာက အလုပ်လက်မဲ့ကိစ္စပါ။ အထည်ချုပ်စက်ရုံတွေ၊ လုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ပြန်လည်ရုပ်သိမ်းတုန်းက အလုပ်သမားပေါင်း (၈၀,၀၀၀)ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူ့အခွင့်အရေး တွက်သလိုလိုက်ပြီးတွက်မယ်ဆိုရင်တော့ ဒီအလုပ်သမားတွေရဲ့ မိဘနဲ့ သားသမီးတွေကိုပါထည့်ပြီး တွက်ရင် တကယ့်ကိုရင်လေးစရာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာတော့ ကောင်းတာလုပ်ရင်၊ ကုသိုလ်ဖြစ်တယ်၊ မကောင်းတာလုပ်ရင် အကုသိုလ်ဖြစ်တယ်။ အဲဒီတော့ လုပ်ငန်းတွေ တမင်ရုပ်သိမ်းပြီး လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်စေကာ၊ မိသားစုတွေပါ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့ရတဲ့အထိ ဖြစ်စေတာဟာ ပြုသူအဖို့ အကုသိုလ်တွေကြီးပါဘဲလားလို့ တွေးမိပါတယ်။
ထို့အတူ ပညာရေးကဏ္ဍမှာလည်း နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီမရခြင်း၊ မြန်မာ ကျောင်းသားများ သွားရောက်ပညာသင်ယူခွင့်မရခြင်း၊ ခေတ်မီနည်းပညာနှင့် အတတ်ပညာများအား မြန်မာနိုင်ငံ သားများ သင်ကြားလေ့လာရန် အခွင့်အလမ်းနည်းပါးခြင်း၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းများ အခမဲ့ဆောက်လုပ်ပေးမည့် အစီအစဉ်ရပ်ဆိုင်းသွားခြင်းစတဲ့ ထိခိုက်နစ်နာမှုများလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ကျန်းမာရေးကဏ္ဍကိုကြည့်ရင်လည်း WHO ကဲ့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများရဲ့ ဆေးဝါးနှင့် နည်းပညာ အကူအညီများမရရှိတဲ့အတွက် နိုင်ငံရဲ့ ကျန်းမာရေးဆောင်ရွက်မှု အဆင့်အတန်းကို ပြည့်မီစွာ မရရှိသည့်အတွက် နိုင်ငံ၏ကျန်းမာရေးဆောင်ရွက်မှု အဆင့်အတန်းကို ပြည့်မီစွာဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိခြင်း၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများ နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားတာကြောင့် နယ်စပ်ဒေသတိုင်းရင်းသားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုထိခိုက်စေခဲ့ရကြောင်း ဖော်ပြလိုပါတယ်။ အကုသိုလ်မဖြစ်စေဘဲ ကုသိုလ်များစွာရရှိစေရေးအတွက် Change လုပ်သင့်ပါကြောင်းအကြံပြုလိုပါတယ်။သို့သော် ကျွန်တော်တို့ မြန်မာလူမျိုး တို့မှာ ခံယူထားချက်တစ်ခုရှိပါတယ်။ ဒါဟာ စိတ်ထားကောင်းသူ ဟာ ကံကောင်းတတ်တယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ အခက်အခဲတွေကြားက ရုန်းကန်ကြိုးစားရင်း ၁၉၉၈-၁၉၉၉ခုနှစ်တွင် ကမ်းလွန်ပင်လယ်ပြင်မှ ရတနာနဲ့ ရဲတံခွန် လုပ်ကွက်တွေကနေ သဘာဝဓာတ်ငွေ့ အမြောက် အများထွက်ရှိခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ ဓာတ်ငွေ့ကနေ နိုင်ငံခြားငွေများစွာရရှိခဲ့တဲ့ အတွက် စီးပွားရေးပြန်လည်မြင့်တက်လာကာ အသက်ရှူချောင်ခဲ့ရကြောင်း ရိုးသားစွာ ဖော်ပြလိုပါတယ်။ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကို အခြားမိတ်ဆွေနိုင်ငံများနဲ့ပေါင်းပြီး လုပ်ကိုင်ခဲ့တာကြောင့် အလွန်အမင်း လိုအပ်လှပါတယ်ဆိုတဲ့ စွမ်းအင်ကဏ္ဍဟာ သိသိသာသာအောင်မြင်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး များဟာ မည်သူနှင့်မဆို ခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံလိုသော ဆန္ဒရှိကြပါတယ်။ မည်သူကိုမျှ ပစ်ပစ်ခါခါ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ မပြုလုပ်တတ်ကြပါဘူး။ ယခုအခါ အကြောင်းအမျိုးမျိုး ကြောင့် အခြေအနေပေးခဲ့ပြီမို့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ သင့်သင့်မြတ်မြတ်ပေါင်းသင်းဆက်ဆံလို ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှစ်ပေါင်း(၂၀)ကျော်ကြာ မရရှိခဲ့တဲ့ ဒီအခြေအနေမျိုးမှာ နှစ်နိုင်ငံပွင့်ပွင့် လင်းလင်းဖြင့် တိုက်ရိုက်ဆက်ဆံဆွေးနွေး ခဲ့ကြတာဟာ ကောင်းသောလက္ခဏာဖြစ်သော်လည်း စီးပွားရေးကို ဆက်လက်ပိတ်ပင်ထားမယ်ဆိုတဲ့ အချက် ကတော့ နဲနဲတရားလွန်ရာကျမယ်လို့ထင်မိပါတယ်။ မတရားဘူးလို့ဘဲ ထင်မိမှာ မမှားပါဘူး၊ ပြည်သူတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် နှစ်ပေါင်း(၂၀)ကျော်ကြာ ခံစားလာခဲ့ရတာကိုထောက် ရှုပြီးတော့ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးပြီး နှစ်ဦးနှစ်ဖက်ပြေလည်စေမဲ့ နည်းလမ်းကောင်းတွေနဲ့ Change ပြုလုပ်သင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။ မြန်မာစကားမှာ ဆိုရိုးရှိပါတယ်။ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုသလိုပေါ့ဗျာ။
မိတ္တူထုတ်ရန်

ရွှေမြန်မာကိုချစ်သူ
No comments:
Post a Comment